Thursday, October 20, 2016
ကာရံမညီသော တေးထပ်
ကာရံမညီသောတေးထပ်
" ဟယ်လို ကာရံလား ငါဒီမှာပြဿနာတက်နေလို့ အခုချက်ချင်း မင်းလိုက်လာပေးမှဖြစ်မယ် ကျောက်ဘိအပေါ်ထပ်မှာထိုင်နေတာအမြန်လာနော် ဟျောင့် "
ဖုန်းဝင်လာထဲက တေးထပ် ရဲ့ဖုန်းမို့ ဘာများဖြစ်ပြန်ပြီလဲ လို့တွေးမိရုံရှိသေးတယ် ပြောလိုက်ပြောလိုက်တာ မနားတမ်းပဲ ဟူးးးးးးးး
" ဒါပဲနော် ဟျောင့် မြန်မြန်လာ ငါစောင့်နေမယ် "
" အေး ဟေ့ အေးဟေ့ ခဏစောင့် လာမယ်အခု "
ဖုန်းကိုချကာ ဆိုင်ကအဒေါ်ကို လှမ်းကြည့်တော့ ပြုံးကြည့်နေကာ
" ဘာမှပြောမနေနဲ့ ကြွတော်မူ ကိုယ်တော်ရေ ကြွကြွ "
" အဟဲ ဒေါ်လေးကလဲ ညနေ ...... "
" ကျမပဲဆိုင်သိမ်းခဲ့ပါ့မယ် အေးရာအေးကြာင်းသာ ကြွပါ "
" ဟဲဟဲ အာ့ကြောင့် ဒေါ်လေးကို ချစ်တာ "
ပြောပြီးတာနဲ့ပိုက်ဆံအိတ်နဲ့ကားသော့ယူကာသူတို့ဆိုင်ဖွင့်ထားတဲ့ JS အပေါ် ထပ်ကနေ ကပြာကယာ ဆင်းခဲ့ပါတော့တယ်။အဲလိုဖြစ်တာ အခုမှမဟုတ် မကြာခဏပင်တေးထပ် ဖုန်းဆက်ရင်ကာရံကို သိကြားမင်းပင် ဆင်းတား လို့မရတာပတ်သက်သူတွေအကုန်သိတယ်။တေးထပ်ဆိုတာကကာရံရဲ့တစ်ဦးတည်းသောအခင်ဆုံးသူပါအချစ်ဆုံးသူငယ်ချင်းဆိုလဲမမှားပေဘူးပေါ့။ ကျောက်ဘိရောက်တော့ စာအုပ်တစ်အုပ်ကို ဇိမ်ကျစွာ ထိုင်ဖတ်နေတဲ့ တေးထပ်ကို တွေ့ရပါတယ်။
" ကဲ ဘာတွေဖြစ်ပြန်တာတုန်း ဆရာသမား ပြောပါဦး "
" ဟိုလေ ဟီး ငါအိမ်ကထွက်လာတာ ပိုက်ဆံအိတ်ကျန်ခဲ့တာ မသိဘူးဟေ့ အိတ်ကပ်ထဲက လက်ကျန်လေးနဲ့ကားစီးလာတာ "
ကာရံမညီသောတေးထပ် (၂)
" အဲဒါတောင်မင်းက တစ်ဝတစ်ပြဲ စားထားသေးတယ်နော် "
" သြော် လွယ်အိတ်ထဲမှာ ပါတယ်ထင်လို့ပေါ့ကွ ရှင်းမယ် လုပ်မှ မပါမှန်းသိတာ မင်းကလဲစွတ်ဟောက်နေတာပဲ ဖီးလ်ပျက်တယ် "
ကာရံကိုပြောကစာအုပ်ကိုပြန်ဖွင့်လိုက်တာမို့ ကာရံတေးထပ်ရဲ့ လက်ကိုအတင်း လှမ်းဆွဲလိုက်ကာ
" ဟျောင့် တော်တော့ မင်းဆက်မဖတ်နဲ့တော့ ရှင်းပြီးပြန်မယ် မင်းကစာအုပ်ဖတ်ရင် မပြီးနိုင်မစီးနိုင်နဲ့ရှင်းမယ် ဟေ့ ညီလေး "
" မင်းကို အဲ့ဒါကြောင့် ငါမခေါ်ချင်တာ အမြဲတမ်း သောက်လုပ်ပဲရှုပ်နေတာ
တစ်လောကလုံးက အလုပ်တွေ မင်းပဲလုပ်နေသိလား "
ကာရံ ဘုကြည့်ကြည့်ခါ ပိုက်ဆံရှင်းပြီး ရှေ့ကထွက်လာတော့လည်း တေးထပ် ပွစိပွစိလုပ်ကာနောက်ကလိုက်လာပါတော့တယ်။ ကားထဲရောက်တော့လည်း ကြည့်ဦးပြောပုံက
" လူကြည့်တော့ အချိန်ပြည့် သူ့အလုပ် ကားစီးတော့ အဲကွန်းတောင် မဖွင့်ဘူး နှပ်ချီးကောင် "
" လာပြန်ပြီ ငါ့ဖာသာ ခေါင်းမူးလို့ မဖွင့်တာသိရဲ့သားနဲ့ မင်းရစ်စရာမရှိ ကြံဖန် မရစ်နဲ့ တေးထပ် “
ကားကိုမောင်းကာ လမ်းပေါ်ဂရုစိုက်ကာ တက်နေတဲ့ ကာရံကို
“ ရှာတယ်ကွာ အရှာမခံချင်ရင် နောက်ခါ ငါစီးတာနဲ့ အဲကွန်းဖွင့်၊ ခဏခဏ မပြောချင်ဘူး ဒါပဲ ဟဲ ဟဲ “
“ ခွေးဝဲစား သောက်ချိုးကိုက “
“ တွေ့လား လူကြည့်တော့ မသိရင် မင်းသားလိုလိုနဲ့ အရမ်းကိုနူးညံ့သိမ်မွေ့ပြီး ပါးစပ်ကယုတ် စိတ်ကပုတ် “
“ တေးးးးးထပ်”
“ တော်ပြီ မပြောတော့ဘူး ကားကိုသေချာမောင်း ဟီး “
ကာရံမညီသောတေးထပ် (၃)
တေးထပ်က စပ်ဖြီးဖြီးနဲ့ စာအုပ်လေးထုတ်ကာ ဖတ်နေပါတော့ရဲ့။ တေးထပ်က စာဖတ်နေရင် တစ်လောကလုံးကိုမေ့နေတတ်သူပါ။ အခုလဲ သူ့အိမ်ရှေ့ ကားရပ်ထားတာပင် သူမသိပေ။ ကာရံ ဘာမှမပြောပဲ အသာလေး ငြိမ်ကာစိုက်ကြည့်နေမိပါတယ်။
အသားခပ်လတ်လတ်နဲ့ မျက်နှာစူပုတ်ပုတ်လေးကို ပိုင်ဆိုင်ထားတဲ့ တေးထပ်ဟာဘယ်လိုကြည့်ကြည့် အလွန်ချောမောတာတော့ အသေအချာပါပဲ။ ဒါပေမယ့်ခက်တာက ကာရံကလွဲရင်သူ့မိသားစုကိုတောင် စကားကို လိုအပ်မှပြောတတ်သူ ကျောင်းမှာတုန်းကသူငယ်ချင်းတွေဆိုလဲထိုနည်းတူပင်။ ကာရံနဲ့တွေ့ရင်တော့ဖြင့် သူမဟုတ်သလိုစကားကို ပေါက်ပေါက်ဖောက်သလို ပြောပြီးမျက်နှာကလဲ တအားပြောင်လေရဲ့။
ခပ်ပေါ့ပေါ့နေတတ်တဲ့တေးထပ်ကကာရံနဲ့ပတ်သက်ရင်တော့ အသေးအဖွဲကအစ သတိတရ ရှိတတ်တာလဲ အမှန်ပါပဲ၊ ဒါကြောင့်လည်း တေးထပ်ဆိုတာနဲ့ ကာရံက ဘာပြောပြောခေါင်းငြိမ့်ပြီးသားပါ။
“ အမ် ဘာကြည့်နေတာလဲ အိမ်ရောက်တာ မပြောပဲနဲ့ “
“ မင်းသေနေပြီလားလို့ ကြည့်နေတာလေ “
“ တော်စမ်းပါကွာ ကျိတ်ရှိုးရင်ရှိုးနေတယ်ပေါ့ ဟားဟား “
“ သေလေ ဆင်း ငါဆောင့်ကန်လိုက်လို့ ခွေးကျကျသွားမယ် “
“ ဘာ မင်းငါ့ကိုဘယ်တုန်းက ခံပြောဖူးလို့လဲ ဟျောင့် ပြော “
ကာရံ ကားတံခါးစောင့်ပိတ်ကာ အရင်ဆင်းသွားတော့ တေးထပ် တဟားဟား ရီကာနောက်ကနေ လိုက်လာပါတာ့တယ်။ ကာရံ ဒီအိမ်ရောက်လျှင် အထဲမ၀င်ပဲ မပြန်ရတာ အသားကျနေသော တေးထပ်ရဲ့ စည်းကမ်းချက်တစ်ခုပါပဲ။ တေးထပ်ကတော့ ဘယ်သောအခါမှ ကာရံအိမ်ထဲ မ၀င်ခဲ့ပေ၊ ခေါ်လို့လည်းမရပေ။
ကာရံမညီသောတေးထပ် (၄)
ကာရံရဲ့ကားစီးဖို့တောင် သူ ကာရံနဲ့တွေ့ရချိန်နည်းလွန်းလို့ အခုလိုကြည်ဖြူစွာ လိုက်စီးခဲ့တာပါ။ ဒါတောင် ဒီကားက ကာရံကိုယ်ပိုင်ငွေနဲ့ ၀ယ်ထားလို့ဆိုပဲ။ အဲဒီလိုကလဲကြီးကျယ်သေးတာ။
တကယ်တမ်းကျတော့ တေးထပ်တို့က သာမန်စားနိုင်ရုံမျှသာရှိပြီး ကာရံတို့က တော့ ထိုက်သင့်သလောက် ချမ်းသာပါတယ်။ ဒီလိုသူတို့စခင်ခဲ့ကြတာ ၉တန်းနှစ် ကထဲကပေါ့။ကာရံရဲ့မိဘတွေက၉တန်းနှစ်မှာ ကာရံကို ရန်ကုန်မှာ ကျောင်းတက် ဖို့လွှတ်ခဲ့တာလေ။ ကာရံတို့က မိုးကုတ်ကပါ။
အခုကျောင်းပြီးတာ ၂ နှစ်ရှိပြီ။ ကာရံက အထည်ဆိုင် ၃ ဆိုင်ကို ဖွင့်ထားနိုင်ခဲ့ပေမယ့် တေးထပ်ကတော့ ယခုချိန်ထိယောင်ကောင်းတုန်းပါပဲ။ ထိုကိစ္စပြောတိုင်းလည်း စကားများရပေါင်း မနည်းတော့ပေ။
“ ဟူး ညောင်းလိုက်တာကွာ လာ ဟျောင့် ခြေသလုံးလေးနှိပ်ပေး ပါးစပ်က
သီချင်းလေးပါတိုးတိုးဆို အား ဟား အား ဟား ဟား“
တေးထပ်က သူ့အခန်းထဲက ကုတင်ပေါ်မှာ ပစ်လှဲချကာ ကာရံကို လှမ်းပြီး စလိုက်တာမို့ ကာရံကုတင်ပေါ်တက်ကာအတင်းလိုက်ပြီးမှ ကလိထိုးတာမို့ တေးထပ်အတင်းအော်ကာ လူးလိမ့်နေပါတယ်။
“ လာလေ လာပါ အနှိပ်ခံချင်တဲ့ကောင် မှတ်ပီလား အင်း “
“ အာ့ သေပါပြီ အာ့ဟား ဟား အား ဖယ် အာ့ အား ဟား “
ကာရံရောက်လာတဲ့ အခါ အဲ့ဒီလို ကဲတတ်တဲ့ တေးထပ်ပါ။ ကာရံကိုတေးထပ်မေမေက တစ်ခါပြောဖူးတယ်။ တေးထပ်ရဲ့ သံစဉ်ခလုတ်ကို ကာရံကပဲဖွင့်တတ်တယ်တဲ့။ကဗျာဆန်ဆန်လေးမို့ကာရံကော တေးထပ်ပါ သဘောကျမိကြသေးတယ်။သံယောဇဉ်ကြောင့်ထင်တာပါပဲလေ။ တစ်ယောက် အတွက် တစ်ယောက်က အမြဲအသင့်ဖြစ်နေခဲ့ကြတာ စော်တောင်မထားမိတော့တဲ့ အထိပါပဲ။
ကာရံမညီသောတေးထပ် (၅)
ဒီနေ့ ကာရံက အရေးတကြီး ပြောစရာရှိတယ်ဆိုလို့ ဘာမှန်းမသိပေမယ့် သူနဲ့ တွေ့ရမှာ တေးထပ်ပျော်နေမိတယ်။ ကာရံကသိပ်ချစ်ဖို့ကောင်းတဲ့သူလေ။ ရေမိုး ချိုးပြီး ကာရံသဘောကျလှတဲ့ ပုဆိုးကိုရွေးဝတ်လိုက်တယ်။ ပုဆိုးကို သေချာချပ်နေအောင်ဝတ်ထားပြီးအင်္ကျီလက်ရှည်လေးကို တံတောင်ဆစ်အပေါ်ထိ ပင့်တင်ထားလိုက်တော့ နဂိုထဲက ချောတဲ့ ကိုယ့်ပုံစံကို ကိုယ့်ဘာသာတောင် ရင်ခုန်မိရဲ့။
ကာရံရောက်လာတော့ တေးထပ်ကိုကြည့်ကာ ပြင်ထားတဲ့ပုံကို ပြုံးပြခေါင်းငြိမ့်ကာ အသိအမှတ်ပြုလိုက်ပေမယ့် မျက်နှာကမကောင်းတာ တေးထပ် သတိထားလိုက်မိတယ်။ ကားပေါ်ရောက်တော့ အဲကွန်းဖွင့်ထားကာ အေးစိမ့်နေတာမို့
“ မဆိုးဘူးကွ မင်းတိုးတက်လာပြီ ဟဲဟဲ ဘာလဲ မင်းထက်ချောနေလို့မနာလိုဖြစ် နေတာလား ဟား ဟား “
“ ဖြစ်ရဦးမယ် သူ့ရုပ်ကြီးကို “
ကာရံက တေးထပ်ကို မြို့ပြင်ဖက် ခေါ်ထုတ်လာတာမို့
“ မင်းအကျပ်အတည်း တစ်ခုခုရှိနေတာထင်တယ် နောက်ပြီး ငါ့ကိုပြောချင်တာပြောမထွက်နိုင်ဖြစ်နေတာထင်တယ်။ ပြောပါကွာ ဘာပဲဖြစ်ဖြစ် ငါနားလည်ပေးနိုင်ပါတယ် “
ကာရံ ကားမောင်းနေတာကို လမ်းဘေးမှာ ထိုးရပ်လိုက်ကာ သူ့ကိုစိုက်ကြည့်နေ ပြီးမှ မျက်ရည်တွေ စိမ့်ထွက်လာတာမို့ တေးထပ်လန့်သွားကာ လက်နဲ့အမြန်လှမ်း သုတ်ပေးလိုက်ပြီး
“ ဟာ ပြဿနာပဲ မငိုပါနဲ့ကွာ ဘာဖြစ်တာလဲပြော မကျပါနဲ့ဆိုနေ ဒီမျက်ရည်က မင်းကို ဘယ်သူဘာလုပ်လဲပြော မင်းမပြောပဲနဲ့ငိုနေရင် ငါ့ကိုငါတစ်ခုခု လုပ်မိလိမ့် မယ် ကာရံ ပြောစမ်းကွာ ပြော ”
“ ငါ ဆိုင်တွေကို ဒေါ်လေးနဲ့ လွှဲပြီး သြဇီ သွားရတော့မယ် ”
ကာရံမညီသောတေးထပ် (၆)
ကာရံ စကားကြောင့် တေးထပ်မျက်နှာပျက်သွားခဲ့ရပေမယ့် မျက်ရည်ကျနေတဲ့ ကာရံကို နှစ်သိမ့်ဖို့အတွက် မျက်နှာကိုပြင်ကာ ပြုံးလိုက်ပြီး
“ အမလေး ဘာများလဲလို့ကွာ မင်းကလဲ အဲဒီတော့ ရောက်ဖူးသွားတာပေါ့ကွ ငါတောင်သွားချင်သေး ဒီလိုလုပ် မင်းဟိုရောက်ပြီးအဆင်ပြေရင် ငါလဲ ပိုက်ဆံစုပြီး လိုက်ခဲ့မယ်လေ ဘယ်လိုလဲ ”
ကာရံခေါင်းကိုခါလိုက်ကာကားစတီယာရင်ပေါ်ကို မျက်နှာမှောက်ချလိုက်ပြီးတော့
“ ငါ ဒီလထဲမှာပဲ မိန်းမယူပြီး လကုန်တာနဲ့သွားရမှာ ”
“ ဟင် ”
ကာရံ့ပုခုံးကို ပုတ်ကာ နှစ်သိမ့်မလို့လုပ်နေတဲ့သူ့ရဲ့လက်တွေကလေထဲမှာပင် အားအင်ချိနဲ့စွာ ပြန်ပြုတ်ကျလာပါတော့တယ်။ ကာရံငိုနေပြီ။ တေးထပ်ကလည်း အသံမထွက်တော့။ကားလေးထဲမှာအသံတို့က တိတ်ဆိတ်စွာ။ ဘာပြောရမှန်း မသိလောက်အောင်ပင်ရင်ထဲမှာစို့နင့်စွာ ခံစားလိုက်ရပါတယ်။
“ ငါဘာလုပ်ရမလဲ တေးထပ် ငါအိမ်ထောင်မပြုချင်ဘူး အဲဒီမိန်းမကျောင်းတက် ဖို့ကိုစိတ်မချလိုဆိုပြီး ငါ့ကို သူနဲ့ပေးစားပြီးအထိန်းတော်လိုက်လုပ်ခိုင်းတာကွ ငါသူ့ ကိုမချစ်ဘူး မင်းနဲ့လည်းမခွဲနိုင်ဘူး မင်းငါ့ကိုအကြံတစ်ခုခုတော့ပေးပါ တေးထပ်ရာ ”
“ ငါ ငါလည်း ဘာပြောရမှန်းတောင် မသိတော့ဘူးကွာ မင်းဟာက ချက်ချင်းကြီး ဆိုတော့ ”
“ ဟုတ်တယ် ငါလည်း ဒီမနက်မှ အိမ်ကဖုန်းဆက်လို့သိရတာ ဖေနဲ့မေ ဒီအပါတ်ရန်ကုန်ကို ဆင်းလာမှာ ”
“ အေးကွာ မင်းမှာ ချစ်သူကလည်း မရှိတော့ ”
“ မင်းရှိနေတာ ကျန်တာတွေမှ မလိုတော့တာကွာ ”
ကာရံမညီသောတေးထပ် (၇)
“ ဟာကွာ မင်းကလဲ ဘယ်လိုပြောလိုက်တာလဲ ”
“ ဟုတ်တယ် တေးထပ် ငါ့မှာအချိန်မရှိတော့ဘူးကွာ ငါနောင်တမရချင်ဘူး အခုပြောစရာရှိတာပြောလိုက်မှဖြစ်မှာ မင်းကိုငါချစ်တယ် တေးထပ် ”
“ ဘာ ------ ဟေ့ကောင် မင်း ”
“ အံ့သြသွားမှာသိတယ် စိတ်ဆိုးမလားတော့ ငါမသိဘူး ဒါပေမယ့် အခုမပြော ရင် ငါဘယ်တော့မှပြောလို့ ရတော့မှာမဟုတ်ဘူး မင်းသာငါ့ဘက်မှာရှိပေးရင် ငါဘာမဆိုရင်ဆိုင်ရဲတယ် တေးထပ် အဲဒါငါမင်းကို အရမ်းချစ်လို့ပဲ ”
တေးထပ် ကာရံရဲ့မျက်နှာကို မမြင်ဖူးသလိုကြည့်ကာ
“ မင်းဘာတွေပြောနေတာလဲ ကာရံ ငါတို့က သူငယ်ချင်းတွေလေ ပြီးတော့ ယောက်ျားချင်းတွေ မဟုတ်တာတွေ မပြောပါနဲ့ကွာ ညစ်ရတဲ့အထဲ ”
“ မင်းကညစ်ရုံညစ်တာ ငါကသေချင်နေပြီ ”
“ တော်စမ်း ဟေ့ကောင် လျှောက်မပြောနဲ့ မင်းသာတစ်ခုခုဖြစ်လို့ကတော့ ဘယ် ဘ၀ရောက်ရောက် ငါမင်းကို ခွင့်လွှတ်မှာမဟုတ်ဘူးနော် ကာရံ ”
တေးထပ် စိတ်တွေညစ်ပြီး ပူထူနေသလို ရင်တွေလဲခုန်နေပါတယ်။ တိုက်ပွဲတစ် ခုကို ထွက်မယ့်သူလို ခံစားနေရတာ ဘာကြောင့်ပါလဲ သူမသိ။
“ မင်းလည်းစော်မရှိဘူး ကျောင်းတုန်းထဲက ငါနဲ့ပဲအမြဲတွဲခဲ့တာမင်းကတော့မသိ ဘူး။ ငါဟိုးအရင်ထဲက ချစ်နေခဲ့တာပါ တေးထပ် မင်းငါ့ကိုပြန်ချစ်ပေးပါလားဟင် ”
“ ဟာကွာ မင်းကလဲ မဟုတ်တာတွေ မင်းကိုငါချစ်ရင် မိန်းမမယူရတော့ဘူးပေါ့ နောက်ပြီး အတူနေရင် မင်းနဲ့ငါနဲ့ ဟိုကိစ္စ ဟာကွာ အဆင်မပြေပါဘူး ”
တေးထပ် သက်ပြင်းကို ချလိုက်မိပါတယ်။
ကာရံမညီသောတေးထပ် (၈)
ဒီကိစ္စကို သူခဏခဏစဉ်းစားဖူးပါတယ်။ သူဘာလို့များ ဒီလောက်ထိ ကာရံ့အပေါ် ခင်တွယ်နေမိလဲ ဆိုတာကိုပေါ့။ အခုလိုရုတ်တရက် မေးလာတော့လည်း သူမပြောပြတတ်ပေ။
“ ဒီမှာတေးထပ် အေး မင်းနဲ့ငါက ယောက်ျားချင်းဆိုတာဟုတ်တယ် ဒါပေမယ့် မင်းသာငါ့ကိုတကယ်ပြန်ချစ်ခဲ့မယ်ဆိုရင် အရာရာတိုင်းမင်းစိတ်တိုင်းကျဖြစ်စေရမှာ ပါ။ မင်းလိုအပ်ချက်တိုင်းကို ငါအစွမ်းကုန်ဖြည့်ဆည်းပေးသွားမှာပါ မင်းကိုငါ အဆုံးရှုံးမခံနိုင်ဘူး မင်းကောငါ့ကို သူများပိုင်ဆိုင်သွားမှာ မစိုးရိမ်ဘူးလားဟင် ”
“ မိန်းမ မယူစေချင်တာတော့ အမှန်ပဲ ငါ့ဘ၀မှာ မိဘတွေကလွဲရင် ခင်တွယ်မိ တဲ့သူက မင်းပဲရှိတာလေ ”
“ ငါသိတယ် တေးထပ် ဒါကြောင့်မင်းစဉ်းစားပေးပါ ခုလာမယ့် Sunday မှာ ငါ့ကို အဖြေပြန်ပေးပါ ငါ့မှာအချိန်မရှိလို့ပါကွာနော် ဟျောင့် နော် လုပ်ပါကွာ ”
“ မင်းပြောနေတဲ့ ကိစ္စက တစ်ဘ၀လုံးစာကြီးကွ ဟူး ”
“ ငါ့ဘ၀ကို မင်းကယ်တင်ပေးပါ မင်းမှလက်မခံခဲ့ရင် ငါဘာဖြစ်လာမယ်ဆိုတာ ငါ့ကိုယ်ငါလည်း အာမ မခံရဲဘူး ”
“ ငါတို့ကို အခြောက်တွေလို့ သူများတွေထင်ကုန်မှာကိုကော မင်းမကြောက်ဘူး လား ကာရံ ”
“ အဲလိုထင်ခဲ့ရင် ငါပဲ အခြောက်ပါလို့ ၀န်ခံလိုက်မယ်။ ဘာလို့လဲဆိုတော့ ငါကမင်းကို စချစ်ခဲ့မိလို့လေ ”
“ ကာရံရာ စဉ်းစားစရာတွေက အများကြီးကွ တောက် .. မင်းမို့လို့ကွာ တခြားသူဆိုငါနားတောင်ထောင်ဖြစ်မှာ မဟုတ်ဘူး ”
“ မင်းစဉ်းစားပေးပါနော် တေးထပ် ပြန်ကြမယ်ကွာ ဒီတစ်ခါတွေ့ရင် မင်းငါ့ကိုအဖြေပေးနော် သူငယ်ချင်း ”
“ အေးကွာ ပြန်မယ် စိတ်ကိုရှုတ်သွားတာပဲ ”
ကာရံမညီသောတေးထပ် (၉)
သူတို့အပြန်လမ်းက ခြောက်သွေ့ တိတ်ဆိတ် လို့နေပြန်ပါတယ်။ အဲဒီညက တေးထပ်တစ်ညလုံး အိပ်လို့မပျော်ခဲ့ပါဘူး။ ကာရံသူ့အပေါ်မှာ ဘယ်လိုခံစားနေလဲ သူလည်း မသိတော့။ ဒါပေမယ့် ကာရံ့ကို သူအဆုံးရှုံးလည်းမခံနိုင်ပါ။ အမြဲတမ်းသူ့ အပေါ် ဂရုစိုက် ကြင်နာခဲ့တဲ့ သူပဲလေ။ သူကိုယ်တိုင်ကလည်း ကာရံ့အပေါ်သံယောဇဉ် ရှိနေတာတော့ မငြင်းပါဘူး။
အချစ်ဆိုတာလဲ ဆန်းကျယ်လှတယ် မဟုတ်လား။ ခုသူလုံးဝထင်မှတ်မထားပဲ သူဟာယောက်ျားခြင်းချစ်တဲ့ လိင်တူချစ်သူတစ်ယောက်အဖြစ် လက်ခံရတော့မှာပဲ လားသူမသိပြန်ဘူး။ သေချာတာကတော့ ကာရံ့ကို သူလုံးဝအဆုံးရှုံးမခံနိုင်တာပါပဲ။
ကာရံလည်း တေးထပ်ရဲ့အဖြေကို အရမ်းသိချင်လှပါပြီ။ တကယ်ဆိုကာရံ ဒီလို ဖွင့်ပြောတယ်ဆိုတာအကြောင်းရှိတယ်လေ။ ဟိုးအရင်ထဲက ကိုယ်ကချစ်နေရသူဆို တော့ အမြဲတမ်း တေးထပ်ကို သွေးတိုးစမ်းလေ့လာခဲ့ပါတယ်။
တေးထပ်ဆီကလဲ သူ့ကိုသံယောဇဉ်ရှိတဲ့စကားတွေ ရံဖန်ရံခါကြားခဲ့ရတယ်လေ။
[ဟျောင့် မင်းမိန်းမလုပ်လိုက်ကွာ အဲဒါဆိုငါစော်ရှာစရာမလိုတော့ဘူး မင်းကိုပဲ
တသက်လုံး ရိုးမြေကျပေါင်းလိုက်မယ် ဟဲ ဟဲ]
[မင်းငါ့ကို ကျိတ်ခိုက်နေတာ ငါသိတယ်နော်]
[ကာရံရာ မင်းငါ့အနားအမြဲကပ်နေလို့ ငါဘူပိတ်နေတာ ထင်တယ် အဲဒီတော့ ငါ့ကို
မင်းပဲတာဝန်ယူလိုက်တော့]
[ချစ်လေး ကို့ကို ကုတ်ပေးစမ်းပါကွာ ကျောယားလို့]
တစ်ခါတရံ အဲဒီလိုနောက်တတ်တာလေးတွေကလည်းပဲ ကာရံအတွက် အိပ်ပျက်ညတွေ ဖြစ်စေခဲ့တာ တေးထပ်မှမသိပဲလေ။ တေးထပ်ရယ် မင်းကိုငါချစ်တယ်ကွာ။ ငါမင်းကို ပိုင်ဆိုင်ခွင့်ရပါစေ ဒါငါ့အတွက် အဓိကဆုပဲ။
ကာရံမညီသောတေးထပ် (၁၀)
“ တက်တက် တေးထပ် မင်းဒီနေ့ အရမ်းချောနေတယ်သိလား ဟဲ ဟဲ ”
တေးထပ်ကိုလာကြိုတာ ရင်ခုန်လွန်းလို့ အသက်ရှူပင်မ၀ခဲ့တာ။ ခု တေးထပ်ကိုမြင်တော့မှ စိတ်ထဲပေါ့ပါးသွားတာမို့ ကာရံထူးခြားစွာ နောက်ပြောင်လိုက်တာပါ။ နဂို ကသိပ်ပြီး စနောက်လေ့မရှိဘူးလေ။
“ လာဖားမနေနဲ့ ဟျောင့် ပုံမှန်ပဲကောင်းတယ် ”
ခပ်တည်တည်နဲ့ ပိတ်ဟောက်လိုက်တာမို့ ကာရံရုပ်လေးရှုံမဲ့သွားကာ ကားကိုမောင်းထွက်ခဲ့ပါတယ်။ မောင်းနေတာက တဖြေးဖြေးနဲ့ ဘုရင့်နောင်တံတား
ကိုကျော်ကာ လှိုင်သာယာဘက် ရောက်လာတာမို့ တေးထပ်က
“ ဟျောင့် ဘယ်သွားနေတာလဲ မင်းဟာက စကားပြောတာ အဲ့လောက်နေရာရှားလား ”
“ မင်းကလည်းကွာ ကားနောက်ခန်းကို သေချာကြည့်ဦး ”
ကာရံ့စကားကြောင့် တေးထပ်လှည့်ကြည့်လိုက်တော့ အနောက်ခန်းမှာ ခရီး ဆောင်အိတ်မှ ၂ လုံးတောင်ပါနေတာပဲ။ အံ့သြသွားပြီး တစ်ခုခုကိုသဘောပေါက် သွားကာ
“ မင်းဘာလုပ်တာလဲ ကာရံ မင်းကိုငါ ဘာအဖြေမှ မပေးရသေးဘူးနော် မင်းလျှောက်မလုပ်နဲ့ ”
“ ရပါတယ် တေးထပ်ရာ မင်းသဘောပါ မင်းလက်မခံဘူးဆိုရင်လည်း ရပါတယ် ဒါပေမယ့်ငါကတော့မင်းကိုဆုံးရှုံးမခံနိုင်လို့ ချစ်သည်ဖြစ်စေ မချစ်သည်ဖြစ်စေခိုးပြီ ”
“ ဟား ပိုင်လှချည်လားကွ ဟမ် ရပ်စမ်းကားကို အခု ”
“ ဟာ မလုပ်နဲ့ ဟျောင့် မှောက်သွားမယ် ဟာ ဖယ် ”
တေးထပ် ကာရံ့လက်ကို အတင်းလှမ်းဆွဲကာ ဘရိတ်ကို အတင်းလှမ်းနင်းကာ ၂ယောက်သား လုံးထွေးသွားစဉ်မှာ လမ်းလယ်က ကုန်ကားကြီးကိုဆွဲကွေ့
“ ကျီးးးးးးဒုန်းးးးးးးး ”
ကာရံမညီသောတေးထပ် (၁၁)
“ ကုန်ကားကို ဆွဲအရှောင်မှာပဲ နောက်ကနေ သူတို့ရဲ့ ကားလေး အရှိန်မထိန်း နိုင်ပဲ နောက်ကကားနှင့်ဝင်ပြီးဆောင့်တိုက်မိပါတော့တယ်။ တိုက်ပြီး ကားက ၂ပတ် လောက်ရမ်းကာ လမ်းဘေးစောင်းပေါ်မှာ သွားတင်နေပါလေရဲ့။
ရုတ်တရက် ခေါင်းတွေပြာနောက်သွားပြီး သတိလစ်တော့မလိုဖြစ်သွားတဲ့ တေးထပ် သတိရလာ လို့ကာရံ့ကို ကြည့်မိတော့ခေါင်းမှာ သွေးတွေ ရွှဲနစ်ကာ
စတီယာရင်ပေါ် မှောက်လျက်သား သတိလစ်နေတာ တွေ့ရပါတယ်
“ ကာရံ ကာရံ ”
တေးထပ် ကားထဲကနေ အတင်းရုန်းထွက်လိုက်ပြီးမှ ကာရံ့ကိုလည်း ခက်ခဲစွာ မနည်းဆွဲထုတ် လိုက်ရပါတော့တယ်။ ကာရံကတော့ လုံဝ သတိမရတော့ပေ။
“ ကာရံ ထတော့ ကာရံ မင်းဘာမှဖြစ်လို့မရဘူးနော် ဟျောင့် ကာရံ ကာရံ ... ”
ကာရံ သတိပြန်ရလာချိန်မှာတော့ လူတစ်ကိုယ်လုံးကိုက်ခဲကာ လှုပ်လို့မရ တော့ပေ။ခေါင်းတွေလည်း အုံခဲနေပြီး မူနောက်နေပါတယ်။ လက်တွေကို အသာလှုပ်ကြည့်လိုက်တော့ လှုပ်လို့ရတယ် ခြေထောက်တွေကောပဲ။
“ သားသား သတိရလာပြီ အမေကြီးရေ လာလာ ”
အသံတွေ ကြားနေရတာမို့ ကာရံ မျက်လုံးကိုဖြေးဖြေးချင်း ဖွင့်ကြည့် လိုက်မိပါတယ်။
“ ဟင် ”
ကာရံ့ မျက်လုံးတွေ ဖွင့်ထားပေမယ့် ဘာမှမမြင်ရပေ။ သေချာအောင် ပြန်ပိတ်ပြီး ပြန်ဖွင့်ကြည်တော့လည်း အရာအားလုံးက အမှောင်အတိကြလျက်။
“ သားသား ဘာဖြစ်တာလဲဟင် သားသား ”
ကာရံမညီသောတေးထပ် (၁၂)
“ မေကြီး သားမျက်စိဘာဖြစ်တာလဲဟင် သားမျက်လုံးကို သားဖွင့်ထားတယ် မဟုတ်လားဟင် ”
ကာရံမျက်လုံးကို လက်နဲ့ဖြဲကာအော်ပြောလိုက်မှပဲ တေးထပ်ခေါင်းကို မိုးကြိုးပစ်ချလိုက်သလို ခံစားလိုက်ရပါတာ့တယ်။
“ သားသား သားသား အဖေကြီး ဆရာဝန်သွားခေါ်ပါ မြန်မြန် သားသား ဘာမှမဖြစ်ဘူး ခဏလေး ခဏလေး ”
“ သားဘာမှမမြင်ဘူး မေကြီး သားဘာမှမမြင်ရဘူး ”
“ သား ဖေကြီး ဆရာဝန် သွားခေါ်တယ်နော် ”
“ တေးထပ် တေးထပ်ရှိလား တေးထပ် ”
တေးထပ်အံကိုကြိတ်ပြီး ကျနေတဲ့မျက်ရည်တွေကို လက်ခုံနဲ့ပွတ်ကာ ကာရံ့နားကိုကပ်လိုက်ပြီး လက်ကိုဆွဲကိုင် ဆုပ်ယူညှစ်ထားလိုက်တယ်။
“ ငါရှိတယ် ကာရံ ငါရှိတယ် သူငယ်ချင်း ”
“ ငါ ငါ ကန်းပြီလား မသိဘူးကွာ ငါဘာမှမမြင်ရဘူး။ မင်းငါ့မျက်လုံးတွေကို ဖြဲပေးထားပါလားကွာ ”
အရမ်းကိုတုန်လှုပ်နေတဲ့ ကာရံ့ကိုကြည့်ကာ တေးထပ်မခံစားနိုင်တော့ပါ။ မျက်ရည်တွေ ပေါက်ပေါက်ကျလို့လာပါပြီ။ အဲ့ဒီအချိန်မှာပဲ ကာရံ့အဖေနဲ့ ဆရာဝန်ရောက် လာတာမို့ တေးထပ်ဘေးဖယ်ပေးလိုက်ပါတယ်။
ပြီးတော့အခန်းဝက နံရံကိုကပ်ခါ ငေးကြည့်နေမိပါရဲ့။ ကာရံရယ် ဒီလိုဖြစ်မယ်လို့ငါမထင်ခဲ့ဘူး။ မင်းကိုငါ အဖြေပေးဖို့ မနည်းအားတင်းခဲ့ရတာ ငါ့အတွက် အရမ်းစွန့်စားရတဲ့ တန်ဖိုးကြီးတဲ့အဖြေကို မင်းကပေါ့ပေါ့လေးနဲ့ ဇွတ်အတင်းလုပ်ခဲ့လို့ ငါဒေါသဖြစ်ပြီး အခုလိုတွေဖြစ်ကုန်ရတာပါ။ ငါဘယ်လိုလုပ်ရမလဲကွာ။
“ အာရုံကြောကို ထိခိုက်သွားတာမို့ ဖြစ်တာပါဗျာ အချိန်ယူပြီး ကုသရမှာပေါ့ သူ့ကံလည်းပါသေးတယ်လေ ”
ကာရံမညီသောတေးထပ် (၁၃)
“ အ့ဟားဟား မေကြီးသားကန်းပါပြီဗျာ့ အီးဟီးဟီး သားကိုကယ်ပါဦးဗျ အဟီးဟီး ဟင့် ”
“ သားသား ခဏလေးပဲစောင့်ပေးနော် မေကြီးရှိတာတွေကုန်ပေ့စေ သားသားအမြန်ဆုံးပြန်မြင်စေရမယ် ”
သားအမိနှစ်ယောက် ငိုနေတာကိုတေးထပ်မကြည့်ရက်တော့တာမို့ အခန်းအပြင်ကိုထွက်လိုက်ကာ နံရံကိုသူ့ခေါင်းနဲ့ ပစ်ပစ်ပြီး ဆောင့်ပစ် လိုက်ပါတော့တယ်။
“ သားလေး မလုပ်ပါနဲ့ကွာ ကံပါလာလို့ ဖြစ်တာပဲဟာ အချိန်တန်ရင်ပြန်မြင်လာမှာပါ နော် စိတ်ထိန်း ”
ဆရာဝန်ပို့ပြီး ပြန်လာတဲ့ ကာရံ့ဖေဖေက တေးထပ်ပုခုံးကို ဖျစ်ညှစ်ကာ အားပေးပါတယ်။ သူတို့လည်း တအားခံစားနေရတော့မှာပေါ့။ ဒါတွေအားလုံးဟာ တေးထပ်ရဲ့ မဆင်မခြင်လုပ်ရပ်ကြောင့် ဖြစ်တာပါ။
တေးထပ်အသုံးမကျလို့ ဖြစ်ရတာ။ ကာရံရယ် မင်းအစားငါသာ ဖြစ်လိုက်ပါတော့ကွာ တောက်။ ကာရံရဲ့မျက်လုံးပြန်မမြင်ရမချင်း တေးထပ်ကာရံ့ကို စောင့်ပေးဖို့ကာရံ့မိဘတွေဆီမှာ ခွင့်တောင်းသလို တေးထပ်ရဲ့ မိဘတွေကိုလည်း နားလည်အောင် ပြောပြပြီး တောင်းပန်ခဲ့ရပါတယ်။ ကာရံ့အတွက် တေးထပ်အနားမှာ အမြဲရှိဖို့လိုအပ်တယ် မဟုတ်လား။
“ ဘယ်ဖြစ်မလဲကွ ငါ့ကြောင့်မင်းလုပ်စရာရှိတာတွေ အချိန်နှောင့်နှေးကုန်မှာပေါ့ငါလက်မခံဘူးတေးထပ် ”
“ တော်စမ်းပါ ကာရံရာ မင်းကိုငါအနစ်နာခံချင်တာ တစ်ခုပဲ မဟုတ်ဘူးကွ မင်းအနားမှာ နေချင်လို့လည်းပါတယ်။ မင်းတောင်းထားတဲ့ အဖြေအတွက်လေ ”
ကာရံမညီသောတေးထပ် (၁၄)
“ တေးထပ်ရာ မင်းဘာလို့ ဒီလိုလုပ်တာလဲ ဆိုတာငါသိတယ် ငါလက်မခံပါရစေနဲ့ ”
“ မင်းငါ့ကို မချစ်ချင်တော့တာလား ”
“ မဟုတ်ဘူး ငါ့ကြောင့် . . . ”
“ တော်တော့ကာရံ ဒီနေ့ကစပြီး မင်းနဲ့ငါချစ်သူတွေ ဖြစ်သွားပြီ ဟုတ်ပြီလား ဒါပဲကျန်တာတွေမပြောနဲ့ ”
“ ကျေးဇူးတင်ပါတယ် ”
ကုတင်ပေါ်မှာထိုင်ပြီး မျက်ရည်တွေကျနေတဲ့ ကာရံ့ခေါင်းလေးကို တေးထပ်ဖက်ထားလိုက်ကာ
“ တော်ပါတော့ဆိုကွာနောက်ခါအဲ့ဒီစကားလဲ လုံးဝမပြောပါနဲ့တော့ ကာရံရယ် ”
အဲဒီနေ့ကစပြီး တေးထပ်က ကာရံနေတဲ့ သူ့အဒေါ်အိမ်မှာပဲ ကာရံနဲ့အတူနေပါတော့တယ်။ သူ့အိမ်ကိုလည်း တပါတ်မှတစ်ခါသာ ပြန်ပါတော့တယ်။ တေးထပ်ကာရံ့ကို အရမ်းဂရူစိုက်တာ မြင်သူတိုင်း သြချရလောက်ပါရဲ့။
“ ကဲ ရေချိုးတော့မယ် ချစ်လေးရေ လာအတူချိုးမယ် ချွတ်တော့အ၀တ်တွေ ”
တစ်လနီးပါးရှိလာပြီမို့ ကာရံသိပ်မရှက်တော့ပေ။ အစတုန်းကတော့ မနည်းကို ချွတ်ခိုင်းခဲ့ရတာလေ။ ရေချိုးပေးနေတော့ ကာရံ့မျက်နှာလေး စူပုတ်နေတာမို့
“ ကဲ ဘာဖြစ်ပြန်တာလဲ ချစ်လေးရ ပြောကိုယ့်ကို ”
“ ဘာမှမဖြစ်ဘူး အတူတူရေချိုးတော့ တေးထပ်ကျတော့အကုန်မြင်နေရမှာလေ ငါကဘာမှမမြင်ရဘူး ”
“ ဟား ဟား ဖြစ်မှဖြစ်ရလေ ကဲအဲဒါဆိုပြော ဘာကိုမြင်ချင်တာလဲ ကိုင်ကြည့်အကုန်လုံးရတယ် ”
“ ဟာ မကိုင်ချင်ပါဘူး မင်းနော် မညစ်နဲ့ ”
“ အမ် မင်းမှန်းကြည့်လို့ရအောင်ပါဟ ဟီးဟီး ”
“ ဟင်း လူလည်မကျနဲ့ ”
ကာရံမညီသောတေးထပ် (၁၅)
“ ဟားဟားဟား ချစ်လိုက်တာကွာ ”
အတူစား အတူသွားနဲ့ သူတို့ဘ၀တွေကို ကျေနပ်နေမိကြတယ်။ ချစ်တဲ့သူနဲ့အတူနေရသလို ပြုစုယုယခွင့်လည်းရနေတဲ့ တေးထပ်နဲ့သိပ်ချစ်ရသူရဲ့ ယုယမှုတွေကိုခံစားနေရတဲ့ ကာရံ အရာအားလုံးက ပြည့်စုံနေသလိုပါပဲ။
တစ်နေ့ တေးထပ်အိပ်ယာနိုးလာတော့ ဘေးနားမှာ ရှုံ့မဲ့ကာ ပေါင်ကြားမှာ လက်ညှပ်ထားတဲ့ ကာရံ့ကို တွေ့ရပါတယ်။ ပထမ ဘာဖြစ်နေတာပါလိမ့် ဆိုပြီး စိတ်ပူ သွားပေမယ့် နောက်မှ သဘောပေါက်ကာ တေးထပ် ခွီးခနဲရီ လိုက်မိပါတော့တယ်။
“နိုးပြီလားတေးထပ်ရီမနေနဲ့ငါအပေါ့သွားချင်လို့ မင်းကိုစောင့်နေတာကြာပြီကွ ”
“ ကိုယ့်ဖာသာ သွားလို့ရတာကို ဘေးမှာ တုတ်ရှိတယ်လေ ဘာလို့စောင့် နေတာ လဲ ”
“ ငါကမမြင်မစမ်းနဲ့ထရင် မင်းနိုးသွားမှာစိုးလို့ပါ ”
တေးထပ်ပြုံးလိုက်ပြီး ချစ်စနိုးနဲ့ ပါးလေးကိုညှစ်ကာ
“ အဲ့ဒါတွေချစ်တာ ဒါပေမယ့်နောက်ကို အဲဒီလိုမလုပ်နဲ့နော် လိုအပ်ရင်ချက်ချင်း နှိုးနော် ချစ်လေး ”
“ အေးပါကွာ ”
“ ဟာ ဒါဘာကြီးလဲ ဟား ဟား ဟား ရှုးပေါက်ချင်လို့ ငေါက်တောက်ကြီး ဖြစ်နေတာလား ဟား ဟား ”
“ ဟာ ဖယ်စမ်းပါတေးထပ်ရဲ့ ဖယ် ဖယ် ၀ုန်း အား ”
အတင်းရုန်းရင်းက ကုတင်ပေါ်က ပြုတ်ကျရပါတာ့တယ်။ တေးထပ် အမြန်ပြေးပွေ့ဖက်လိုက်ပြီးမှ ကာရံရဲ့ ပါးလေးကို ရွှတ်ခနဲ နမ်းလိုက်ပါတော့တယ်။
“ သွား အာပုတ်ကြီိးနဲ့ မျက်နှာလည်း မသစ်ဘာမသစ် ”
“ ချစ်တာကိုးဗျ ဟီး မွှေးလား ချစ်လေး ”
“ သွားး ညစ်ပတ်ကြီး ”
ကာရံမညီသောတေးထပ် (၁၆)
တေးထပ်နဲ့ကာရံ ချစ်သူတွေဖြစ်နေကြပေမယ့်လည်းပဲ အတူအိပ်အတူစားပေ မယ့်လဲပဲ သန့်စင်နေကြတုန်းပါ။ တေးထပ်မလုပ်ဖြစ်တာက သနားလို့။ ကာရံဘက် ကလည်း တေးထပ်ကိုထပ်ပြီး အခွင့်အရေးမယူချင်လို့ပါ။
“ ကာရံ မင်းအိပ်တော့မလား အိပ်ချင်မှအိပ်နော် စောတော့စောပါသေးတယ် ”
တကယ်ကည ၂ နာရီထိုးနေပြီလေ။ တေးထပ်အိပ်ချင်တာတအားဖြစ်နေပါပြီ။ ဒါပေမယ့် ကာရံ့အတွက်တော့ နေ့ညဆိုတာ မကွဲပြားဘူး မဟုတ်လား။
“ ငါက မင်းကိုအားနာနေလို့ အဟီး အိပ်ချင်တာကြာလှပြီကွ မင်းဘာတွေလုပ် နေမှန်း မသိလို့ ”
ကာရံမအိပ်ချင်သေးတာ အမှန်ပါပဲ။ ဒါပေမယ့် သူလဲသိနေတယ် မမြင်ရပေမယ့်တေးထပ်ဒီလိုမေးကတည်းက အချိန်မနည်းတော့ဘူး ဆိုတာလေ။ ဒါ့ကြောင့် တမင်သက်သက် ပြောလိုက်တာပေါ့။
“ စာဖတ်နေတာကွ ဘာမမလုပ်ဘူး အိပ်လည်းသိပ်မအိပ်ချင်သေးလို့ပါ ခဏလေး အဲ့ဒါဆို အိပ်ကြမယ် ငါ ရေဒီယိုဖွင့်လိုက်ဦးမယ် ”
ကာရံ့ကို ညတိုင်းဖုန်းနဲ့ရေဒီယိုလေး ဖွင့်ပေးကာအိပ်စေတာ တေးထပ် ပေးထားတဲ့ အကျင့်တစ်ခုပါ။ ကာရံက ပက်လက်လေး ရင်ဘတ်ပေါ် လက်တင်ကာ မျက်စိမှိတ်ပြီး စအိပ်ပါပြီ။ တေးထပ်ကတော့ စိတ်မချသေးတာမို့ ခေါင်းကို လက်နဲ့ထောက်ပြီး ခဏစောင့်ကြည့်နေပါတယ်။
အသံတွေတိတ်ဆိတ်ကာ ရေဒီယိုမှ သီချင်းသံလေးပဲ တိုးတိတ်ညင်သာစွာ အခန်းလေးထဲမှာ စီးမြောနေပါရဲ့။
# မျှော်လင့်ချက်တစ်စုံတစ်ရာ မပါဝင်ပါပဲ ပေးဆပ်ကာသာ ရင်မှာပျော်တယ်
ကျော်လွန်နိုင်ပြီ အခက်အခဲတိုင်း ရင်ထဲကမေတ္တာတရားနဲ့ ပေးဆပ်လာ #
ကာရံမညီသောတေးထပ် (၁၇)
သီချင်းသံအစမှာပဲ ကာရံတွန့်သွားတာမို့ တေးထပ် သေချာစိုက်ကြည့်နေမိ ပါတယ်။
# အတုံ့အလှည့် မရှိရင်နေပါ အပြောင်းအလဲ မဖြစ်ရင်နေပါ
အကုန်ရယူသွား ပြန်မငဲ့ညှာနဲ့တော့ #
ကာရံငြိမ်နေပေမယ့် ပါးပြင်ပေါ်မှာ မျက်ရည်တွေက တလိမ့်လိမ့် စီးကျနေပါပြီ။ တေးထပ်ကြည့်ရင်းက စိတ်မကောင်းဖြစ်ရသည်။ ငါ့အတွက်မင်းခံစားနေရတာ ငါသိပါတယ် ကာရံရယ် ငါမင်းကို အဆုံးစွန်ထိ ပေးဆပ်သွားပါ့မယ် အဲဒါလည်း ငါမင်းကို သိပ်ချစ်လို့ပါပဲ။
တေးထပ် ဖုန်းကိုအသာလေးပိတ်လိုက်တော့ ကာရံလန့်သွားကာ မျက်ရည်တွေ ကပြာကယာ သုတ်နေပါရဲ့။ တေးထပ် ကာရံရဲ့လက်ကိုဖယ်လိုက်ပြီး ပါးချင်းကပ်ကာ
“ ဘာမှမစဉ်းစားပါနဲ့ ကာရံရယ် ငါမင်းကိုအရမ်းချစ်လို့ ကျေနပ်စွာခံယူတာပါ ငါမင်းကို ချစ်တယ်ကွာ ”
“ ဟင့်ဟင့် ငါမတရားဘူး ငါမင်းအပေါ်မှာနှိပ်စက်သလိုဖြစ်နေပြီလား တေးထပ်ရာ အင့်ဟင့် ”
ကာရံ တေးထပ်ဖက်လှဲကာ ပြန်ဖက်ထားလိုက်ပြီး
“ ငါ့ဘ၀မှာ မျက်စိအလင်းရောင်ကွယ်သလို လောကကြီးပျောက်ကွယ် သွားပေမယ့် ငါ့ဘ၀ရဲ့ ဒုတိယအလင်းရောင် မင်းကြောင့်ငါကောင်းကောင်းကြီး ကျေကျနပ်နပ်နဲ့ နေနိုင်ခဲ့တာပါ တေးထပ်ရာ မင်းသာငါ့ဘ၀ထဲက ထပ်ပြီးပျောက်ကွယ်သွားရင်ငါဆိုတာ လောကကြီးထဲမှာရှိနေဖို့ မလိုအပ် တော့ပါဘူးကွာ ငါလည်း အသက်ထက်ပိုချစ်တာ ယုံပါကွာ ”
“ သိပ်ယုံတာပေါ့ ကာရံရ ဒါကြောင့် မင်းနားက ငါလည်း ဘယ်တော့မှပျောက်ကွယ်သွားမှာ မဟုတ်ဘူး ”
ကာရံမညီသောတေးထပ် (၁၈)
“ ကျေးဇူးလည်းတင်တယ် ချစ်လည်းချစ်တယ် တေးထပ်ရာ ငါ့ဘ၀အဓိပ္ပါယ်မဲ့မသွားပါဘူး မင်းရှိနေသရွေ့ ”
“ စိတ်ချ မင်းမျက်လုံးတွေ ပြန်မြင်လာတဲ့နေ့မှာ ငါတို့အတူတူလက်တွဲပြီး ကမ္ဘာလောကကြီးအနှံ့ခေါင်းမော့ပြီးရင်ကော့ပြီး အတူတူလျှောက်လည်ကြမယ် ဘယ်သူတွေမေးမေး မင်းဟာငါ့ရဲ့ချစ်သူလို့ ငါဖြေလိုက်မယ် ”
“ ငါပျော်လိုက်တာ တေးထပ်ရာ ”
“ ကဲ အိပ်ကြမယ်နော် ချစ်လေး ”
“ ဟုတ်ကဲ့ ”
တေးထပ်က ကာရံ့ နဖူးလေးကို အသာဖွဖွ နမ်းလိုက်ပြီး ကာရံ့နှာခေါင်းနားကို နဖူးလေးတိုးပေးလိုက်တော့ ကာရံကလည်း ပြန်ပြီးနမ်းရှိုက်လိုက်ပါတော့တယ်။
အချစ် ဆိုတာလည်း ဆန်းကျယ်တယ်နော် ယောကျာ်းလေး တစ်ယောက်နဲ့တစ်ယောက် ချစ်ကြတဲ့ အချစ်ဆိုတာကို ဘယ်သူကမယုံဘူးပြောရဲပါသလဲ။ မယုံကြည်ပါဘူးလို့ ဘယ်သူပြောရဲပါသလဲ။ ယောက်ျားချင်းချစ်တာကို သာမန် ကျား မချစ်ခြင်းနှိုင်းယှဉ်ကြည့်မယ်ဆိုပါက အဆများစွာ ကွာခြားပါလိမ့်မယ်။ တဏှာမကင်းတဲ့ချစ်ခြင်း ဆိုတာလည်း ၅၂၈ မှလွဲလို့ အခြားမရှိနိုင်ပါဘူး။ မည်သို့ပင် ချစ်ချစ် အချစ်ဆိုတာ အချစ်ပါပဲ။
ဘာကြာင့်လဲမေးဦးမလို့လား။ သူတို့ချစ်ခြင်းတွေထဲမှာ ပေးဆပ်စွန့်စားမှု ပြင်းပြမှုနဲ့ အစွန်းရောက်ခြင်းတွေ ပြည့်ဝစွာပါဝင်နေလို့ပါပဲ။ အောင်မြင်သူတိုင်းရဲ့ အကောင်းဆုံးတွန်းအားဟာ အချစ်ရဲ့စွမ်းအင်ပါပဲ။ အချစ်မှာ သဘာဝ ကျတာနဲ့သဘာဝမကျတာဆိုပြီးမရှိပါဘူး။ အချစ်ဆိုတာ စိတ္တဇနာမ်အဖြစ်နဲ့ သူ့ဘာသာရပ်တည်နေပြီး ဒီချစ်ခြင်းကိုပဲမိမိခံယူချက်နဲ့မိမိဆုံးဖြတ်နေကြလို့ပါ။
ကာရံမညီသောတေးထပ် (၁၉)
သားအမိချင်းချစ်တာလည်း အချစ်ပါပဲ။ ညီအစ်ကိုချင်း ချစ်တာလည်းအချစ်ပါပဲ။ သူငယ်ချင်းကိုချစ်တာလည်း အချစ်ပါပဲ။ တိရစ္ဆာန်လေးတွေကိုချစ်တာလည်း အချစ်ပါပဲ။ ချစ်သူကိုချစ်တာလည်း အချစ်ပါပဲ။ ကျားမ ခွဲခြား နေစရာလိုမယ်မထင်ပါဘူး။ တကယ်လိုအပ်ခဲ့မယ်ဆိုရင် မိန်းကလေးတွေ ခွေးထီးကြောင်ထီးလေးတွေကိုပဲ ချစ်သင့်သလား။ ယောက်ျားလေးတွေကရော ခွေးမကြောင်မလေးတွေကိုမှ ချစ်ရမယ်တဲ့လား။
ရှိပါစေတော့။လောကမှာ အတွေးအခေါ်ပညာရှင်တွေတောင် အဖြေမပေးနိုင်တဲ့ မေးခွန်းတွေများစွာထဲမှာ အချစ်ဆိုတာလည်း တစ်ခုအပါအ၀င်ပါပဲ။ သူ့ကိုတိကျစွာ အဓိပ္ပါယ်မဖွင့်နိုင်သရွေ့အချစ်ဆိုသည်မှာ လူတိုင်းအတွက် မိမိရဲ့ခံယူချက်သည်သာ အမှန်တရားဖြစ်နေဦးမည်သာ။
အခုလည်း တေးထပ်အတွက် အချစ်ဆိုတာ သူလက်ခံလိုက်တဲ့ ရိုးသားတဲ့ အမှန်တရားပါပဲ။ အချစ်ကိုသူလိမ်ညာခြင်းမပြုခဲ့ဘူး။ မိမိရဲ့စိတ်ခံစားမှုအတိုင်း ရိုးသားစွာနဲ့ဝန်ခံဖို့ အသင့်ဖြစ်သွားခဲ့တာပါ။
ဒီလိုနဲ့နေလာခဲ့ကြတာ ၅လပင်ပြည့်တော့မှာလေ။ ခုဆို ကာရံ့ကို စင်္ကာပူသွားပြီးခွဲစိတ်ဖို့ ပြင်ဆင်နေကြပြီ။ ကာရံနဲ့အတူ တေးထပ်ပါလိုက်သွားရမှာ။ ကာရံ့ကိုပြုစုစောင့်ရှောက်ဖို့ပါပဲ။
မနက်ဖြန်မနက်ကို လေယာဉ်ကွင်းကို ဆင်းရတော့မှာမို့ ဒီညတေးထပ်က အိမ်ပြန်အိပ်မှာလေ။ပစ္စည်းတွေ ထုတ်ပိုးပြီး အိမ်ကနေပဲလေယာဉ်ကွင်းဆင်းမှာပေါ့။
“ တေးထပ်မနက်ကို နောက်မကျနဲ့နော် အိမ်ကထွက်လာတာနဲ့ ဖုန်းဆက်ဦး ငါမျှော်နေမယ်နော် ”
“ စိတ်ချပါ ချစ်လေးရ ကိုယ်သွားမယ်နော် တာ့တာ ”
ကာရံမညီသောတေးထပ် (၂၀)
ဒီနေ့မနက် ၇ နာရီထိုးတာနဲ့ ကာရံနှင့်သူ့အဒေါ်က လေယာဉ်ကွင်းကို ရောက်လို့ လာပါပြီ။ ကာရံ့ဖေဖေက စင်္ကာပူကနေစောင့်နေမှာလေ။ မေမေကတော့ မိုးကုတ်မှာ ပဲအလုပ်တွေနဲ့ ကျန်ခဲ့ရတယ်။
ကာရံ့ ဖေဖေနဲ့မေမေက ကာရံ့ကိုအမြန်ဆုံးပျောက်ကင်းစေဖို့ အားကုန်ကြိုးစား ပေးခဲ့ကြတာလေ။ တစ်ခုရှိတာက မင်္ဂလာဆောင်ဖို့ကာရံ့မိဘတွေဘက်ကပဲတောင်း ဆိုကာ ဖျက်သိမ်းပေးခဲ့တာလေ။ အဲဒါတော့ ကာရံ ကံကောင်းသွားတယ်။
“ ဒေါ်လေး ဘယ်နှနာရီထိုးပြီလဲ တေးထပ်နောက်ကျနေပြီ ဘာဖြစ်နေတာလဲ မသိဘူး ”
“ ခုနသား ဖုန်းဆက်တော့ ဘာပြောလဲ ”
“ အိမ်ကထွက်လာပြီတဲ့ ကားပိတ်နေတာတဲ့ ”
“ ကာရံရယ် သူအချိန်မီရောက်မှာပါ ဒီလောက်အရေကြီးတာကို စိတ်ပူမနေနဲ့ ဟုတ်ပြီလား ”
“ ဟာ မရဘူး ပူတယ် ဦးဇော်သွားကြိုပေးမလား ”
သူ့ဒေါ်လေး ခင်ပွန်း ဦးဇော်က ကာရံ့ကို စိတ်မပူဖို့ပြောနေပေမယ့် ကာရံစိတ်ကို လမအေးနိုင်ပေ။
“ သွားကြိုတာကရပါတယ်သားရဲ့ သွားတော့လည်းပဲအတူတူပဲဟာ နေဦး ဦးဇော် ဖုန်းခေါ်ပေးမယ်”
ဦးဇော်က တေးထပ်ဖုန်းကိုလှမ်းဆက်လိုက်ကာ
“ အေး တေးထပ်ရေ ဒီမှာမင်းလူက အတင်းစိတ်ပူနေတယ် ပြောလိုက်ဦးသူနဲ့ ”
ကာရံ ဦးဇော်ပေးတဲ့ ဖုန်းကိုယူလိုက်ကာ
“ ဘယ်နားရောက်နေပြီလဲ တေးထပ်ရာ ”
“ ၈ မိုင်ရောက်နေပြီ ချစ်လေး မီးပွိုင့်မိနေလို့ မှီပါတယ် ”
“ မြန်မြန်လာပါဆိုနေမှ စောစောထွက်မလာဘူး ”
“ လာပြီ လာပြီ အကို မြန်မြန်လေးမောင်းပေးပါဗျာ ”
ကာရံမညီသောတေးထပ် (၂၁)
ထိုင်ရမလိုထရမလို ဘယ်အရာကိုမှလည်းမမြင်ရ စိတ်ထဲမရိုးမရွနဲ့ သောကတွေ များနေတာက ကာရံပါ။ ဖုန်းကိုလက်ထဲမှာ တင်းနေအောင်ဆုပ်ကိုင်ရင်း ဗျာများနေတဲ့ မျက်နှာလေးမှာ ချွေးတွေပင် စို့လို့နေပါပြီ။
“ ရော့ ဦးဇော် ဖုန်းထပ်ခေါ်ပေးဗျာ ကြာတယ် ”
“ သြော် လာနေပြီပဲ သားရယ် ကဲ ပေးပေး ”
ဦးဇော်ကာရံ့လက်ထဲက ဖုန်းကိုယူကာ တေးထပ်ကို ခေါ်လိုက်ပါတော့တယ်။ တေးထပ်လည်း ကားကိုအမြန်ဆုံးမောင်းခိုင်းနေတာမို့ ကားဆရာကလည်း အလိုကျအရှိန်ကိုမြှင့်ကာ မောင်းနှင်လို့နေပါတယ်။ ၈ မိုင်နဲ့ လေယာဉ်ကွင်းထိပ် ကြားလမ်းကလည်း အကွေ့အကောက်တွေများလွန်းတာမို့လိုချင်တိုင်းခရီးက မပေါက်ပေ။
ဖုန်းက၀င်လာပြန်တာမို့ ထင်တဲ့အတိုင်း ကာရံ့ဖုန်း
“ ဟယ်လို ”
“ အင်း ဘယ်ရောက်ပြီလဲ တေးထပ် ”
“ ရောက်ခါနီးပါပြီ ချစ်လေးရ စိတ်မပူနဲ့နော် ကဲ အခုပဲဖုန်းပြောရင်း ရောက်တော့မယ် စိတ်မပူနဲ့မှီတယ် ”
“ မပူလို့ရမလား အချိန်ကတအားကပ်နေပြီကွ ”
“ အေးပါ ချစ်လေးရာ အဲဒါဆိုဖုန်းကိုင်ထား စကားကိုမပြတ်တမ်းပြောနေ ဟုတ်ပြီလား အကိုအမြန်ဖြတ်ပွိုင့်မိတော့မယ် ”
တေးထပ်ဖက်က အသံကိုကာရံကြားနေရပါတယ်။
“ သတိလည်းထားဦး တေးထပ် ”
ကားသမားက လေယာဉ်ကွင်းထိပ်နဲ့ဆယ်မိုင်ဖက်ဆီက လာတဲ့ပွိုင့်အ၀ါမှာ အမှီဖြတ်မောင်းစဉ် မြောက်ဥက္ကလာဘက်ကို ဖြတ်ထွက်လာတဲ့ စစ်တပ်မှ Faw ကားကြီးတစ်စီးကလည်း ဘွားခနဲ ပေါ်လာပါတော့တယ်။
“ ဒုန်းးးးးအားးး ”
ကာရံမညီသောတေးထပ် (၂၂)
ဖုန်းထဲမှာကြားလိုက်ရတဲ့ အသံတွေက ငရဲပွက်သံများအလား ကာရံရဲ့ နားစည်ထဲဝင်ရောက်လာတာမို့ ကာရံဆတ်ခနဲ ထရပ်လိုက်ကာ ဖုန်းကို လက်နှစ်ဖက်နဲ့ကိုင်လိုက်ကာ
“ တေးထပ် တေးထပ် ဟျောင့် တေးထပ် ဘာဖြစ်တာလဲ ထူးစမ်း ထူးစမ်းပါ တေးထပ် တေးးးထပ် ”
လေယာဉ်ကွင်းအဆောက်အဦးထဲမှာ ကာရံရဲ့ အော်သံက ပဲ့တင်ထပ်သွားတာမို့
ခရီးသွားတွေရဲ့ အကြည့်တွေက ကာရံ့ထံစုပြုံလာပါတယ်။
ကာရံရဲ့ ဒေါ်လေးနဲ့ ဦးဇော်က ကာရံ့လက်ကိုတွဲကာ
“ သားငယ် ဘာဖြစ်တာလဲ ပေးပေး ဒေါ်လေးကိုဖုန်းပေး ဘာဖြစ်လို့လဲ ”
“ မပေးဘူး ဖယ် တေးထပ်ဆီသွားမယ် ”
ထိုစဉ်ဖုန်းထဲမှ တေးထပ်အသံကိုကြားလိုက်ရပါတော့တယ်။
“ ကာ ရံ ငါဘာမှမဖြစ်ဘူး မင်း သွား တော့ အ့ ”
“ တေးထပ် တေးထပ် ဟာမဖြစ်ဘူး ဦးဇော် ကား ကားအမြန်သွားထုတ်ပါ တေးထပ် တစ်ခုခုဖြစ်နေပြီ ”
“ ဟာ ဘယ်ဖြစ်မလဲ လေယာဉ်ပေါ်တက်ရတော့မှာ ”
“ ဒုက္ခပါပဲ သားငယ်ရယ် ငါသေချင်တော့တာပဲ ”
ကာရံသူ့ကိုတွဲထားတဲ့ လက်တွေကိုရုန်းလိုက်ကာ
“ ဖယ်ပေး လိုက်မပို့ရင် သားဘာသာ မရရအောင်သွားမယ် ဖယ်ပေး ဖယ် ”
“ ကဲ ကိုဇော် သွားတော့ ကားအမြန်ထုတ်ခဲ့တော့ ”
ဦးဇော် အနားကနေ ပြေးသွားသလို ဒေါ်လေးကလည်း အထုတ်တွေ တဖက်ဆွဲကာရံ့ကိုတွဲပြီး အဆောက်အဦးထဲကနေ ထွက်ရပါတော့တယ်။ ကားပေါ်ရောက်တာနဲ့ ကာရံအလျင်လိုစွာနဲ့ပဲ
ကာရံမညီသောတေးထပ် (၂၃)
“ ဦးဇော် မောင်းတော့ ဒီထိပ်မှာပဲ ဒီထိပ်နားမှာပဲ သူတစ်ခုခုဖြစ်နေပြီ မြန်မြန်မောင်းပါ ”
“ ဒေါ်လေး တို့ကိုလည်း ပြောပြပါဦး ဘာတွေဖြစ်နေတာလဲ ဆိုတာကို
ဟင် သားငယ် ”
ကာရံ ခေါင်းကိုတွင်တွင်ခါလိုက်ကာ
“ ဟဲလို တေးထပ် ပြောပါဦး တေးထပ်ရေ အီး ဟီး ဟီး တေးထပ်ရေ ဘာတွေဖြစ်နေတာလဲ ”
ကားက ခဏပဲမောင်းလိုက်ရတယ်။ လမ်းပိတ်နေတာမို့
“ ရှေ့မှာဘာဖြစ်နေလဲမသိဘူးကားတွေပိတ်နေပြီ သားငယ် ဘယ်လိုလုပ်မလဲ ”
အဲဒီအချိန်မှာပဲ လမ်းဘေးမှာ လမ်းလျှောက်လာတဲ့သူတွေက လှမ်း ပြော လိုက် တဲ့ အသံကြားရပါတော့တယ်။
“ ထိပ်မှာ ကားချင်းတိုက်ထားတာအစ်ကိုရေ မြင်လို့မှမကောင်းဘူး မွကြေ နေတာပဲ ”
ဘုရားရေ ဒါ ဒါဆိုတေးထပ်စီးလာတဲ့ကားများလား။ ရင်ဘတ်ထဲမှာ ဒိန်းခနဲ မြည်သံနဲ့အတူ လူကလည်းကားရဲ့အောက်ကိုဆင်းပြီးသားဖြစ်သွားပါတယ်။ ခြေ တစ်လှမ်းစအလှမ်းမှာ လမ်းလယ်ကျွန်းလို့ ထင်ရတဲ့အရာကို သူတိုက်မိကာ ခွေခနဲလဲပြန်ပါတယ်။
ဦးဇော်ရော ဒေါ်လေးပါ ဆင်းလာကာ တွဲထူပေးကြပါတယ်။ လောကကြီးက ဘာတွေဖြစ်နေမှန်း ကာရံလည်း မသိတော့ပေ။ ခြေထောက်တွေကလည်း မြေကြီးနဲ့မထိ။
“ အဲဒီကိုပို့ပေးပါ အဲဒါတေးထပ် တေးထပ် ဟင့်အင်း မဟုတ်ဘူး ဟယ်လို တေးထပ် ဟေ့ကောင် ထူးလေကွာ တေးထပ် တေးထပ် တောက် ထူးပါဆိုနေ ဟားးးးးး တေးထပ် ”
“ လာလာ သားလာ ဦးဇော်လိုက်ပို့ပေးမယ် မိန်းမ ဒီမှာပဲစောင့်နေ ကားတွေ ပွင့်ရင်ရွှေ့ရပ်ပေးလိုက် ”
ကာရံမညီသောတေးထပ် (၂၄)
“ အင်း အင်း သေချာသွား ”
လမ်းလျှောက်လာပြီး အတော်လေးကြာတော့ လူများစုပြုံနေပြီး စကားပြောသံ တွေကို ကြားနေရပါတယ်။
“ ဟာ ကောင်လေးက ချောချောလေး ဟ ”
“ လက်ထဲက ဖုန်းပြောနေတုန်းနဲ့တူတယ် ဟိုဘက်ကအသံကြားရတယ်တဲ့ ဆွဲထုတ်တာ ဘယ်လိုမှမရဘူးတဲ့ အတင်းကိုင်ထားတာဆိုပဲ ”
“ ပွဲချင်းပြီးနေမှာ ဒီလောက်ဆိုးတာ ”
“ နှမြောဖို့ ကောင်းလိုက်တာနော် ”
ကမ္ဘာကြီးကချာချာလည်ရပါပြီ။ နှလုံးသားတွေ အမှုန့်ပင်ဖြစ်ကုန်ပြီလား မပြောတတ်တော့။ သေချာနေပြီပဲ ရပ်နေတဲ့ ဒူးတွေတဆတ်ဆတ်နဲ့ တုန်ခါဒူးထောက်လဲလာတာမို့ ဦးဇော်အတင်းတွဲကာ ထိန်းပေးနေပါတယ်။
“ ဟုတ်တယ် မဟုတ်လား ဦးဇော် ပြောပါဗျာ တေးထပ်ဟုတ်တယ်မဟုတ်လား ပြေားးးးးးးးးး ”
“ ဟုတ် ဟုတ်တယ် သား ”
မျက်ရည်တွေ ဘယ်လို ဘယ်လို ကျလာမှန်းမသိဘူး။ သွားပြီ သူ့ဘ၀တော့ သွားပြီတေးထပ်မရှိပဲနဲ့ သူကောဘာလုပ်ဖို့ ရှင်သန်နေဦးမှာလဲ။ တေးထပ် ဟာ မဟုတ်ဘူး တေးထပ်က ခုမှသူ့ဆီလာနေတာလေ။ ခုနကပဲသူနဲ့ဖုန်းပြော နေသေးတယ်။ သူဘာမှမဖြစ်ဘူးတဲ့ သူ့ကိုသွားတော့တဲ့။
ဟုတ်တယ် တေးထပ်က ဘာမှမဖြစ်ဘူး။ ဟင့် အီး ဟီး တေးထပ်ရေ မင်းဘာမှမဖြစ်ဘူး ဆိုတာငါသိတယ်။ ရင်ဘတ်ထဲမျာ ဆို့နင့်ကာ အသက်ရှူတွေ လည်း မ၀တော့ပေ။
“ ဦးဇော် သားကို တေးထပ်နားပို့ပေး ”
“ မသွားပါနဲ့လား သားရယ် ”
“ ဟာ ပို့ပေး အီးဟီးဟီး ပို့ပေး ”
ကာရံမညီသောတေးထပ် (၂၅)
ဦးဇော်က ကာရံ့ကိုတွဲခေါ်ကာ အရှေ့နား တစ်နေရာမှာ ရပ်လိုက်ပါတယ်။ ပြီးတော့ တာဝန်ရှိသူတွေကိုလည်းပဲ ပြောပြနေပုံရတယ်။ ပြီးတော့မှ
“ သား ထိုင်လိုက် သားအရှေ့မှာ တေးထပ် ”
ကာရံ ဖြေးညှင်းစွာ ထိုင်ချလိုက်ပြီး လက်ကို အသာဆန့်ပြီး စမ်းကြည့်တော့ တေးထပ်ရဲ့ မျက်နှာကို စမ်းမိပါတယ်။ ချက်ခြင်းပဲ ကပျာကယာ မျက်လုံးတွေ နှုတ်ခမ်းတွေနှာခေါင်းတွေ လိုက်စမ်းကြည့်တယ်။ ဟုတ်တယ် ဒါ တေးထပ် သေချာတာပေါ့
ပြီးတော့မှ ကာရံသတိထားမိတာက ကာရံ့လက်တစ်ခုလုံးမှာ စေးကပ်နေတဲ့ အရည်တွေ ဒါ ဒါတွေက တေးထပ်ရဲ့ သွေး သွေးတွေ ဟာ ~~~။
ရင်ညွန့်ကို လက်သီးနဲ့ဆောင့်ထိုးလိုက်သလို အင့်ခနဲဖြစ်သွားကာ ကာရံ အရာအားလုံးကို အဆက်အသွယ် ပြတ်တောက်သွားပါတော့တယ်။
တေးထပ်ရယ် ငါ့ဘ၀ရဲ့ ပထမအလင်းရောင် ပျောက်ကွယ်ခဲ့တုန်းက ငါ့မှာ နှစ်သိမ့်စရာ မင်းရှိသေးတယ်။ ခုဒုတိယ အလင်းရောင်ဖြစ်တဲ့ မင်းကပါ ပျောက်ကွယ်ပြီ ဆိုမှတော့ ငါ့အတွက်ဘာဆို ဘာမှမရှိတော့ဘူးပေါ့။
# ဒီအချိန်မှာ ငါလွမ်းနေတာ မင်းမှမသိတာ
ရင်ခွင်မှာ ငိုကြွေးနေ မင်းမသိတော့ပါ
နောက်ဘ၀လည်း စောင့်လို့နေပါ အချစ်ဆုံးလေးရာ
ငါလည်းပဲ တစ်နေ့တော့ မင်းနောက်လိုက်လာခဲ့မှာ #
ဘုရားရေ တေးထပ်ဖွင့်ပေးနေကြ ဖုန်းရေဒီယိုလေး ထမြည်နေပါပေါ့လား။ ကာရံ လက်နဲ့စမ်းကာ Power ကိုပိတ်ချလိုက်ပါတယ်။ နားထောင်နိုင်စွမ်း မရှိတော့ပေ။ ကုတင်ဘေးက စားပွဲအံဆွဲထဲမှနာရီလေး ထုတ်လိုက်တော့ တေးထပ်ရဲ့ စကားသံ ပြန်ကြားမိပြန်တယ်။
ကာရံမညီသောတေးထပ် (၂၆)
“ သြော် ချစ်လေးကလည်း ဒေါ်လေးကစေတနာနဲ့ဝယ်ပေးတာကို နားလည်ပါတယ်ဗျ ဒါပေမယ့် ဒီအချိန်ကစပြီး မင်းအနားမှာ ငါအမြဲရှိနေတော့မှာမို့ ဒီနာရီလေးကို စားပွဲထည့်ပြီး သိမ်းထားလိုက်တော့ ဟုတ်ပြီလား နာရီသိချင်ရင် ဘယ်နှနာရီထိုးပြီလဲသာမေးလိုက် ဟောဒီက ခများအချစ်တော်ကြီး ကိုယ်တိုင် နာရီမိနစ်စက္ကန့်ပါမကျန်ပြောပြပါ့မယ် ခဗျာ့ ကျေနပ်ပြီလား ဟား ဟား ”
နာရီခလုပ်လေးကို နှိပ်လိုက်တော့ မနက် ၂နာရီတဲ့ ဒါဆိုအိမ်ကလူတွေ အိပ်ကုန်ကြပြီပေါ့။ ကာရံအခန်းထဲကနေ အပြင်ကို လက်နဲ့စမ်းကာ ထွက်လာပါတယ်။ ပြီးမှ တဖြေးဖြေးချင်းစမ်းကာ ခေါင်မိုးအပေါ်ထပ်ရှိ ရေစည်ထားရာနေရာသို့ တရွေ့ရွေ့တက်လာပါတော့တယ်။
ဒေါ်လေးတို့အိမ်က နှစ်ထပ်တိုက်အမြင့် အပေါ်ဆုံးမှာ ရေစည် ထားတဲ့အကန့်မှာက လေဟာပြင်လိုထိုင်လို့ ကောင်းတာမို့ သူနဲ့တေးထပ် မကြာခဏ လာထိုင်ဖူးတဲ့ နေရာလေးပါ။
“ ကာရံ ဒီနေရာလေးက လေတဖြူးဖြူးနဲ့ လူလည်းဘယ်သူမှမမြင်ရဘူး ဟဲ ဟဲဟီး တစ်ခုခုလုပ်ကြရင် ကောင်းမလားသိဘူးနော် ဟီး ”
တေးထပ်က အဲ့လိုတွေပြောပြီး ကာရံ့ကို ဖက်နမ်းခဲ့ဖူးတဲ့ နေရာလေးပါ။
အမှောင်မှာကျင့်သားရနေတဲ့ ကာရံရဲ့ခြေထောက်တွေက တိုက်ခေါင်မိုးရဲ့ အစွန်း ကို ရောက်ရှိလာပါပြီ။ ခြေဖျားလေးနှစ်ဖက်က လေဟာနယ်ထဲမှာ ကုတ်ကွေးကာ လူကတော့ လက်နှစ်ဖက်ကိုဘေးမှာကပ်ထားပြီး ခါးကိုဆန့်ကာ အသက်ကိုဝအောင်ရှူသွင်းနေပါတယ်။
လေပြေညှင်းရဲ့ တိုက်ခတ်မှုကြောင့် တိုက်ခေါင်မိုးရဲ့ အစွန်းမှာရပ်နေတဲ့ လူပါယိမ်းနွဲ့လျှက်ရှိနေလေရဲ့။
ကာရံမညီသောတေးထပ် (၂၇)
ကာရံနားထဲမှာ လေတိုးသံလား တေးထပ်ရဲ့အသံလား မသဲကွဲပေ။ လူကအမြင့်ကိုရောက်နေတယ်ဆိုတဲ့ အသိကြောင့် ယိမ်းခနဲ ယိုင်ခနဲ မနည်းထိန်းထားရတယ်။
“ ကာရံ မင်းမရှိလို့မဖြစ်ဘူးနော် ငါမင်းမရှိပဲ မနေနိုင်ဘူး မင်းထွက်မသွားရဘူး မင်းငါ့ဆီပြန်လာပါ ”
ပါးပြင်ပေါ်ကျနေတဲ့ ကာရံ့မျက်ရည်တွေကို ကာရံကပဲ သုတ်နေတာလား ဘယ်သူကသုတ်ပေးနေလဲ ကာရံမသိတော့ပေ။ ရင်ထဲမှာ ၀မ်းနည်းမှုက လှိုက်ခနဲလှိုက်ခနဲ လှိမ့်လှိမ့်တက်လာသည်။
ငါမင်းဆီလိုက်ခဲ့မယ် တေးထပ် နောက်ထပ်ဘ၀ တစ်ခုမှာတော့ ငါ မင်းကို မြင်ရမှာပါနော် မင်းမရှိပဲ ငါလည်းဆက်ပြီး အသက်မရှုင်ချင်တော့ဘူး။ ငါတို့ဘယ်ဘ၀ပဲ ရောက်ရောက် အတူတူ ခံစားစံစားကြမယ်။
“ ကာရံ ထပါတော့ကွာ ချစ်ဆုံးလေး ငါ့ကိုပစ်မသွားပါနဲ့ ငါသေလိမ့်မယ်ကွ ”
ပစ်မထားဘူးတေးထပ် ငါမင်းဆီလိုက်လာမှာပါ။ ကာရံစိတ်ကိုလျှော့လိုက်ကာ အသက်ကိုဝအောင် ရှူလိုက်ပါတယ်။ ပြီးတော့မှ ခြေတစ်ဖက်ကို ကြွကာ အရှေ့ကို လှမ်းလိုက်ပြီး လူကိုပါ ငိုက်ချလိုက်စဉ် ရင်ထဲမှာ လှပ်ခနဲဖြစ်သွားပြီး လူကလည်း အေးခနဲ ခံစားလိုက်ရပါတော့တယ်။
“ ကာရံ ကာရံ ”
ကာရံ မျက်စိတွေကိုဖွင့်လိုက်ပေမယ့် ဘာတစ်ခုကိုမှမမြင်ရပေ။ ဒါဆိုသူအသက် ရှင်နေသေးတယ်ပေါ့။ သူ့ရဲ့လက်ကိုကိုင်ကာ သူ့ကိုခေါ်နေတာက တေးထပ်အသံပဲ
“ တေးထပ် တေးထပ်လား ဟင် ”
“ ဟုတ်တယ် ကာရံ ငါရှိတယ် မင်းဘေးမှာငါရှိတယ် မင်းသတိရလာပြီနော်
မင်းဘာမှမဖြစ်ဘူးနော် အခုမင်းဘယ်လိုခံစားနေရလဲ သက်သာရဲ့လားဟင် ”
ကာရံမညီသောတေးထပ် (၂၈)
သူ့လက်ကို တင်းနေအောင် ဆုပ်ကိုင်ကာ တတွတ်တွတ်မေးနေတဲ့ တေးထပ် လက်ကို ပြန်လည်ဆုပ်ကိုင်လိုက်ကာ
“ ငါတို့ဘယ်ဘ၀ကိုရောက်နေတာလဲဟင် ”
“ ဟင် ဘာတွေမေးနေတာလဲ ဒီအတိုင်းပဲလေ ကာရံရဲ့ ”
“ ဒါဆိုငါမသေသေးဘူးပေါ့နော် တေးထပ် ”
“ ဘာလို့သေရမှာလဲ မင်းလည်းမသေဘူး ငါလည်းမသေဘူး ”
တေးထပ်က ချက်ခြင်းပဲ ကာရံ့ကိုယ်လေးကို လဲနေရာမှ ပွေ့ထူကာ ဖက်ထား လိုက်ပါတယ်။ ကာရံကလည်းပဲ တေးထပ်ကို လွတ်ထွက်သွားမှာစိုးသည့်အလား တင်းနေအောင် ဖက်ထားပါတော့တယ်။
အတော်လေးကြာတော့မှ ကာရံ သတိရကာ ဖက်ထားတာကိုခွာလိုက်ပြီးတော့မှ
“ တေးထပ် မင်းကားချင်းတိုက်တာလေ သွေးတွေနဲ့ ပွဲချင်းပြီးပဲဆို သေသွားပြီဆိုအဲဒါက တကယ်မဟုတ်ဘူးလားဟင် ”
တေးထပ်က ကာရံ့ပါးက မျက်ရည်စတွေကို လက်နဲ့အသာလေး သုတ်ပေးလိုက်ကာ
“ ကားချင်းတိုက်တာတော့ ဟုတ်တယ် ကာရံရဲ့ ဒါပေမယ့် ငါမသေပါဘူး သတိ
လစ်သွားတာ ခေါင်းမှာ ၃ချက်ချုပ်လိုက်ရတယ်ခြေထောက်နဲ့လက်မှာလည်း ဒဏ်ရာ နည်းနည်းစီရသွားတယ်လေ မင်းက ငါဖြစ်ကတည်းက သတိလစ်သွားတာ ဒီနေ့ဆို ၂ ရက်တောင် ရှိနေပြီ ”
“ ဟင် ဟုတ်လား ငါ ငါ သတိမေ့နေတာပေါ့ ဟုတ်လား တော်သေးတာပေါ့ ကာရံရယ် ငါလေ မင်းမရှိတော့ဘူးဆိုပြီး ငါတိုက်ပေါ်ကနေခုန်ချလိုက်တာ ငါမင်းနောက်ကိုလိုက်ခဲ့တော့မလို့လေ ”
တေးထပ် ကာရံ့ကိုယ်လေးကို ပြန်ဖက်လိုက်ကာ
ကာရံမညီသောတေးထပ် (၂၉)
“ ချစ်ရယ် အဲ့လောက်တောင် ချစ်ရလားဗျာ ”
“ ချစ်တာပေါ့တေးထပ်ရာ ငါ့ဘ၀ရဲ့ အလင်းရောင်က မင်းပဲလေ မင်းမရှိပဲနဲ့ ငါဘယ်လိုလုပ် အသက်ရှင်သန်နေနိုင်မှာလဲ မင်းရှိတဲ့နေရာကိုလာဖို့ပဲ ငါစဉ်းစားနေ မိတာပေါ့ မင်းကိုငါ အရမ်းချစ်တယ် တေးထပ်ရာ ”
တေးထပ်က ကာရံ့ခေါင်းကို လက်နဲ့ပွတ်ပေးရင်းက
“ ချစ်ရယ် မင်းမှားတာပေါ့ မင်းချစ်တာကို ငါနားလည်ပါတယ် ဒါပေမယ့် အဲ့ဒီလိုလုပ်တာတော့ ငါလက်မခံဘူး မင်းငါ့ကိုတကယ်ချစ်ရင် မင်းဆက်ပြီး ရှင်သန်နေရမှာပေါ့ မင်းသေသွားတော့ရော ငါနဲ့တွေ့ရမယ်ဆိုတာ သေချာလို့လား ပြီးတော့ အဖန် ၅၀၀ လေ ငါမင်းကို ဘယ်တော့မှခွင့်လွှတ်မှာ မဟုတ်ဘူး ”
“ ငါမှားသွားတယ်တေးထပ်ရယ်ငါတောင်းပန်တယ် ငါမင်းကိုသိပ်ချစ်လို့ပါကွာ ”
“ ဒါဆို သေချာမှတ်ထားနော် ကိုယ်ချစ်တဲ့သူသေသွားလို့ ကိုယ်လိုက်သေတိုင်း သူ့ကိုတွေ့ရမှာမဟုတ်ဘူးကာရံ လူဆိုတာရခဲလှတဲ့ဘ၀လေ အကျိုးရှိအောင် အသုံးချရမှာပေါ့ ငါနောက်ဘ၀ကနေပြီး မင်းကိုကြည့်နေမယ် ဆိုရင်တောင် မင်းပျော်ရွှင်ပြီး အဓိပ္ပါယ်ရှိတဲ့ ဘ၀ကိုဖြတ်သန်းနေတာပဲ မြင်ချင်တာပေါ့ မင်းသေလိုက်လို့ ငါနဲ့ သေချာပေါက်တွေ့ရမယ်ဆိုရင် ငါကိုယ်တိုင် မင်းကို သတ်ပစ်မှာပေါ့ အချစ်ရယ် မလုပ်ကောင်းတာတွေ မလုပ်သင့်တာတွေ ဘယ်တော့မှ မလုပ်ပါဘူးလို့ ငါ့ကိုကတိပေးပါ ငါကိုယ်တိုင်လည်း မင်းမရှိရင် မင်းကိုသတိရတိုင်း ကောင်းမှုတွေလုပ်မယ် ပရဟိတတွေ လုပ်မယ် ဒါတွေကမင်းကိုရည်စူးပြီးလုပ်မယ် အဲဒါပိုမကောင်းဘူးလားဟင် ဒါကမင်းကိုငါပြနိုင်တဲ့ ငါ့အချစ်သက်သေ မင်းလည်းကျေနပ်မှာ လူတွေလည်း အကျိုးရှိမှာလေ ”
ကာရံမညီသောတေးထပ် (ဇာတ်သိမ်း)
“ ငါနားလည်ပါပြီ တေးထပ်ရယ်ငါကတိပေးတယ်နော် မင်းကို ငါ အရမ်း ချစ် တယ်”
ကာရံ တေးထပ်ရဲ့ ပါးလေးကို သူ့ပါးနဲ့ကပ်ပြီး စမ်းကာ နှာခေါင်းလေးဖိပြီး နမ်းလိုက်စဉ်
“ ဟဲ့ ဟဲ့ ကလေးတွေ ဘယ်လိုတွေဖြစ်နေကြတာလဲ ဒုက္ခပါပဲ ”
အခန်းထဲဝင်လာတဲ့ သူနာပြုဆရာမအသံကြားလိုက်ရပါတော့တယ်။ သူတို့ရယ် လိုက်မိပါတယ်။ ကာရံရဲ့ အဒေါ်လည်း ကာရံ့မိဘတွေခေါ်ကာ ပြန်ရောက်လာပါပြီ။ အားလုံး ၀မ်းသာနေကြရပါပြီ။ ကာရံရဲ့ မိဘတွေက ကာရံ့ကိုလည်း ဘယ်တော့မှအိမ်ထောင်မချပေးတော့ပဲ စိတ်ချမ်းသာသလိုနေဖို့ ခွင့်ပြုလိုက်တာဟာ သူတို့ချစ်ခြင်းကိုရိပ်မိလို့ မျက်နှာလွှဲပေးလိုက်တာပဲ မဟုတ်ပါလား ခင်ဗျာ။
ကောင်းခြင်းဆိုးခြင်းကို ကောင်းစွာ ဝေခွဲနိုင်ပါစေ။
ပြီးပါပြီ။
အားလုံးကို ကျေးဇူးတင်ပါတယ်။
ကိုလေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment